အပြစ်မရှိတဲ့
အကျဉ်းသားတစ်ယောက်
ငါလေ
အတ္တနဲ့လင်းတဲ့ပိုးစုန်းကျုးပေါ့
မုန်တိုင်းဆိုမှတော့ လေမပါလို့ဖြစ်မလား
ဖုန်ထတဲ့နေ့ရက်တွေ လှိုင်လှိုင်ပေါ မှတော့
စိတ်ဓါတ်က အရောင်မထွက်
ကဲ . ..ကဲ. ခက်မှောင်မှောင်လေးမဲလိုက်ရအောင်
ဗင်ဂိုးရဲ့ကြယ်မရှိတဲ့ညမှာပေါ့
မျှော်လင့်ချက်က မိုးတိုးမတ်တတ်
တိုးတိုးလေးဖျော့တော့သွားပြီ
ထုံးစံအတိုင်း . . .
ဖြုစင်ခြင်းရဲ့ ဇာတ်သိမ်းက
အမည်ပေါက် သံသယတွေနဲ့
အတည်ပေါက် ဟာသတွေနဲ့
အရှုံးတွေမှာအိပ်ပျော်သွားတယ်။
ယုံကြည်ခြင်းတွေက
မယုံကြည်လောက်အောင်
သံသယမဲ့နေတော့
အမှားတွေက
အမှန်ထက်ပို မင်းမူနေတော့
ဆော့ခရေးတီး သေဆုံးသွားပေါ့
ကဲ . . . ကဲ . . .
အမှန်တရားကို အသက်ထက်တန်ဖိုးထားတဲ့
ငါ့အတွက်
ဟန်းမလောခ့်
တစ်ခွက်သာ ပြင်ထားတော့။
စတေးတယ်ဆိုတာ
နောက်ဘဝမှာ ပြန် " စ " ဖို့
ဒီဘဝက ခံယူချက်တွေကို " တေး " ထားလိုက်မယ်
အမှားနတ်ဆိုးရေ . . .
မင်းကြာကြာ မှားနိုင်ပါစေ
တစ်ခုပဲသတိထား
အမှား နှစ်ခု ပေါင်းရင် မှန်တတ်တယ်
ကဲ . . . ကဲ . . .
လိပ်ပြာခေါ်သံ ကြားနေရပြီ
ယုံကြည်သူအတွက် မှီခိုရာမှာ
အမှန်တရားထားခဲ့တယ်
သစ္စာတွေ မွေးဖွားပါစေ ။
သူ သေဆုံးပြီး တစ်ပတ်အကြာမှာတော့
သတင်းတစ်ခုထွက်လာတယ်
လူစီဖာခ် ကို ဖက်ပြီး ငရဲတွင်းထဲ
သူ ဆင်းသွားတယ် လို့
ဆိုးတာက သူ့ကို လူစီဖာခ့် လို့
သတ်မှတ်ကြတယ်
သူ မသိလိုက်ဘူးလေ
အမှန်တွေ စစ်လွန်းရင်
မှားတတ်တယ်
သစ္စာတွေ တည်လွန်းရင်
အမြင်တွေ မဲ့ တတ်တယ်ဆိုတာ
အခုတော့လည်း
သူ မရှိတာက လွဲရင် အရင်လိုပဲပေါ့
သန်းခေါင်ထက် ညည့်နက်နေတုန်းပါပဲ ။ ။
Maung Ardam
No comments:
Post a Comment