Sunday, March 31, 2013

ကလေးဆန်တဲ့ ညီမလေး

ညီမလေးရဲ့အသက် မငယ်တော့ပါဘူး
အိပ်ယာဝင်ခါနီး ကလေးတွေလို
အိပ်ယာဝင်ပုံပြင်လေးတွေကို
နားထောင်တတ်တုန်းပါ

ညီမလေးရဲ့အသက်မငယ်တော့ပါဘူး
ကလေးတယောက်လို
အပြုံးလေးတွေ ဖြူစင်တုန်းပါ

ညီမလေးရဲ့အသက်မငယ်တော့ပါဘူး
တခြားမိန်းကလေးတွေလို
ဟန်မဆောင်တတ် မူယာမာယာမများတတ်
ပြောပုံဆိုပုံလေးတွေ ခုချိန်ထိအပြစ်ကင်းတုန်းပါ

ညီမလေးရဲ့အသက်မငယ်တော့ပါဘူး
ချစ်တတ်ကြိုက်တတ်တဲ့အရွယ်လေးပါ
သို့သော်ချစ်သူမရှိ ပကတိ အလှလေးနဲ့
အကို့ရဲ့ နှလုံးသားကိုဖမ်းစားထားတုန်းပါ





ဝေယံထက်

မင်းအတွက် မင်း




အားငယ်နေလား သူငယ်ချင်းရေ
ဘာတွေကိုတွေး မိန်းမောနေမှာလဲ
မဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေလား
မရနိုင်သေးတဲ့ အရာတွေလား
ပြန်မချစ်နိုင်သူ တယောက်ကိုလား
နားမလည်တဲ့ ပုစ္ဆာကိုလား

မင်းဘ၀မှာ မင်းပဲရှိတယ်လေကွာ
မွေးတည်းကတယောက်တည်း
သေတဲ့အခါလည်း တကိုယ်တည်းပါ
ဘယ်သူမှ အတူတူမလာသလို
ပြန်တော့လည် အတူတူပြန်ကြမှာမဟုတ်ပါဘူး
ကိုယ်ရေးခဲ့တဲ့သမိုင်း
ကိုယ်ကိုယ်တိုင်ပဲ ပြန်ဖတ်ကြရမှာလေ

မင်းကူညီဖေးမတတ်တာ သိပါတယ်
ဒါပေမယ့် သူများဆီက အကူအညီပြန်ယူဖို့ မစဉ်းစားပါနဲ့
လူဆိုတာ အတ္တကိုယ်ဆီရှိကြတယ်မဟုတ်လား
လိုရင်သုံး မလိုရင်တော့ မုန်းမှာပဲလေ

ဖေးမစောင့်ရှောက်မှု မရလိုအားမငယ်နဲ့
အဲဒါတွေကိုလက်လွတ်လိုက်
မင်းအတွက် တိုးတက်လာမယ့်
ကိုယ်ရည်ကိုယ်သွေးတွေက
ဆုလဒ်အဖြစ်ရှိပြီးသား
အဲဒီဆုလဒ်တွေကိုသာ ရယူနိုင်အောင်ကြိုးစား
ဖို့တစ်ဖို့တဲ့ပဲရှိတဲ့ သူတွေနဲ့ မင်းတန်းမညှိနဲ့
မင်းကိုယ်တိုင် တန်းဖိုးကျသွားပါလိမ့်မယ်

မင်းဘ၀မှာ မင်းသာလျှင်
မင်းသားပါ......
ဝေယံထက်



မိုးရေတွေထဲ


-နွေ

မြေဆီတွေခြောက် ပက်ကြားအက်တဲ့
လယ်ကွင်းထဲကနွေ။
လေအလာ ကြွေသွားတဲ့ရော်ဝါတွေကို
မခွဲနိုင်သလို ရပ်ကြည့်နေတယ့်
အရိုးပြိုင်းပြိုင်းနဲ့  ပင်အိုကြီးရဲ့နွေ။
ခံစားချက်ကို ကိုယ်ချင်းမစာနာ
အသံသာတယ် အဆိုခံရတဲ့
ကိုရွှေဥသြရဲ့နွေ။
ပါးစပ်ဟ လျှာထွက်လို့ 
သရေ တမြားမြားနဲ့ 
ရေကိုသာ အိပ်မက်မက်တဲ့
အရိပ်အောက်မှာ ကားယားခွေနေတဲ့
အိပ်ပျော်နိုင်တဲ့
လေလွင့်ခွေးတစ်ကောင်ရဲ့နွေ. ။
ဖုန်ထူထူခြေထောက်နဲ့ 
ဝါးခမောက် ကို ကိုးစားလို့ 
ဂျပန်ဖိနပ်အစုတ်နဲ့ 
ကတ္တရာအပူကိုအံတုတဲ့
လက်တွန်းလှည်းနောက်ကနွေ
ထမ်းပိုး အောက်ကနွေ
ချွေးတွေနင့်နေတဲ့ ခေါင်းခုအောက်ကနွေ
ပြီးတော့.
သူတို့ ဖောက်သည် နေတဲ့
တိုက်အိမ် ခပ်ကြီးကြီးရဲ့
အဲကွန်းခန်းထဲကနွေ။
တစ်ချို့ ကနွေမှာ
ရှင်သန်ဖို့ အတွက်ချွေးတစ်လုံးလုံး
တစ်ချို့ က အရမ်းပူတယ်ညည်းတယ်
တစ်ချို့ က ပါးစပ်မအားဘူး
တစ်ချို့ ကတော့နွေဟာသူနဲ့ မဆိုင်သလိုပဲ။
ဒီနွေကိုပဲ
တစ်ချို့ က လမ်းပေါ်ကနေအံတုတယ်
တစ်ချို့ က အိမ်ထဲကနေအံတုတယ်
တစ်ချို့ က အအေးခန်းထဲက ပမာမခန့် လုပ်တယ်။
ဒီနွေရဲ့ဒဏ်နဲ့ ပဲ
တစ်ချို့ က နိုင်ငံခြားဆေးကုဖို့ ရောက်
တစ်ချို့ က ပါရဂူဆေးရုံကြီးတွေဆီရောက်
တစ်ချို့ က ဆေးခန်းရောက်/ဆေးရုံရောက်
တစ်ချို့ က ဘယ်မှမရောက် အိမ်မှာတင်အသက်ပျောက်
တစ်ချို့ ကတော့ လမ်းပေါ်တင်အသက်ပျောက်.
သြော်. နွေ. နွေ
မင်းကတော့ မျှမျှတတ ပူပေးရှာပါတယ်။

မှောင်ကြီး



ခွဲလို့မသွားပါနဲ့ "မ"


စတွေ့ကတည်းက ချစ်ရပါသည်










ဝေဟင် တယောက်ပျော်ရမလို မပျော်ရမလိုဖြစ်နေသည်။ 
အကြောင်းက သူဒီနေ့ အလယ်တန်းကျောင်းသား စဖြစ်သောနေ့ဖြစ်သောကြောင့်။ သူ့ကို သူလဲ ဂုဏ်ယူနေသည်။ ငါ အလယ်တန်းကျောင်းသားကြီးဖြစ်ပြီကွဟု စိတ်ထဲမှာ အကြိမ်ကြိမ် ရေရွတ်နေမိလေသည်။ ဝေဟင်တယောက် အနည်းငယ် စိုးရိမ်စိတ်တော့ဖြစ်နေပေသည်။ သူသည် သူ၏ယခင်မူလန်းကျောင်း၏
ခွဲတန်းမဟုတ်သောကျောင်းကို တယောက်တည်းသွားတက်ရမည်လေ။ ခုတက်ရမည့်ကျောင်းကား အိမ်နှင့်အလှမ်းမဝေးသည်ကတကြောင်း သူ၏အကိုဖြစ်သူ လက်ရှိတက်နေသောကျောင်းဖြစ်သည်ကတကြောင်းမို့
မိဘတွေပြောင်းထားသည့် အတွက် ဝေဟင်တယောက် ထိုကျောင်းကို ယခင်မူလတန်းကျောင်းက သူငယ်ချင်းများနှင့်ခွဲကာ တက်ရတော့မည်။
ကျောင်းပထမဆုံးနေ့မို့ ကျောင်းသား၊ကျောင်းသူများ၊ အုပ်ထိန်းသူမိဘများနှင့်အလွန်ပင်စည်ကားနေလေသည်။ ထိုစဉ်က ဝေဟင်တယောက်မသိခဲ့ ဒီကျောင်းတွင် ကျောင်းသင်ရိုးညွှန်းတမ်းစာအုပ်ထဲမှ စာများမှလွဲ၍ အခြားသော ဘ၀အတွက် အဖိုးမဖြတ်နိုင်သောသင်ခန်းစာများ၊ လူတွေရဲ့အကြောင်းများနှင့် ဝေဟင်၏ အိမ်မက်များကို အကောင်အထည်ဖော်နိုင်ရန် အင်အားများကို ပေးစွမ်းလိမ့်မည်ဟု မသိရှာခဲ့ပေ။ ထို့ပြင်တစ်သက်လုံးအတွက် မမေ့နိုင်သော ကောင်မလေးတယောက်နှင့် တွေ့ရန် သာ၍ပင် မသိခဲ့ရှာပေ။
ကျောင်းရှေ့သို့ရောက်သော် အတန်ငယ်လျှောက်ကြည့်ပြီးသည့်နောက် ဝေဟင်၏ အန်တီက သူသိသော ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေး၊ ဆရာမများကို ဆုံးမရန် အပ်ပေးလေသည်။ ထို့နောက်ဝေဟင့်ကို ကျောင်းပထမဆုံးနေ့ပီပီ
ကျွန်တော်တို့ခေတ်က အလွန်ရေပန်းစားခဲ့သော စာသင်ခုံ ဦးသည့်အစီအစဉ်ဖက်သို့ဦးတည်သွားခဲ့သည်။ ဝေဟင့်ကို အန်တီက မိမိတက်ရမည် အတန်းကို ရှာရန်ပြောလိုက်သည့်အခါ ဝေဟင် သည် သူ၏အဒေါ်ကိုပင်မစောင့်တော့ပဲ မြန်မြန်ဆန်ဆန်ပဲ လိုက်၍ မိမိတက်ရမည့် အတန်းကို လိုက်ရှာလေသည်။ ဝေဟင်သည် ဒီကျောင်းမှာ ကျောင်းသားအသစ်ဖြစ်သည်မို့ သူငယ်ချင်းများလဲမရှိသေး အချို့ချို့သောကျောင်းသားများ သည် ခွဲတန်းကျောင်းဖြစ်သည်မို့ သူတို့ ငယ်သူငယ်ချင်းများနှင့် အတူတူ ပျော်ရွှင်စွာ ကျောင်းလာကြသော်လည်း ဝေဟင့် အဖို့တော့ ဒီကျောင်းမှာ ကိုယ့်ကိုယ်သာ အားကိုးရမည်ဖြစ်သည်။ အတန်းထဲမှာ blackboard ကောင်းကောင်းမြင်ရသည့်နေရာ ရဖို့သည်သာ အရေးကြီးသည်။ ထိုသို့ရရန်မှာလည်း ကိုယ့်ကိုယ်ကို အားကိုးရန်သာဖြစ်သောကြောင့် အလျင်အမြန် လိုက်၍ရှာရသည်။ အချို့ချို့သောမိဘများသည် သားသမီးများ နေရာကောင်းရရှိရေးကို မိဘများကိုယ်တိုင်က ရင်ကော့ ခေါင်းမော့ကာ ၀င်ရောက်နေရာယူပေးသော်လည်း ဝေဟင့်အတွက်တော့ သူနေရာရဖို့ သူသာလျှင် ပဓာနဖြစ်ပေသည်။
ဟိုးငယ်စဉ် သူငယ်တန်း စတက်ကတည်းက ဝေဟင်တယောက် ယခု ပဉ္စမတန်း ရောက်သည်အထိ ကျောင်းသွားကျောင်းပြန် တယောက်တည်းပြန်နေကြမို့ ဝေဟင့်အတွက် မိဘကျောင်းသို့လိုက်ပို့ရန် လာကြိုရန်မှာ အထူးအထွေမဟုတ်သလို ထိုကဲ့သို့ မိဘအုပ်ထိန်းသူများ အကြိုအပို့လုပ်နေသည်ကိုပင်
အပိုအလုပ်ဟုထင်မိလေသည်။ တကယ်တော့ သူ၏အတွေးသည် ယခုအချိန်သူအရွယ်ရောက်လာသောအခါ တွင် မှန်ကန်ကြောင်း သူ့ကို လက်တွေ့သက်သေပြနေလေသည်။
ဝေဟင်တယောက် ကျောင်း၏အဆောင်အသစ်ကြီးဖြစ်သော ၄ထပ်ဆောင်ကို တစ်ထပ်ပြီးတစ်ထပ်လိုက်၍ရှာလေသည်။ နောက်တော့ သူ တတိယထပ်တွင် တက်ရမည့်အတန်းကိုတွေ့သွားလေသည်။ အတန်ကြာ ထိုင်ပြီး ဟိုဟိုဒီဒီ စူးစမ်းလေ့လာနေဆဲဆဲတွင် ဆရာမတယောက်က လာပြောလေသည်။
"ပဉ္စမတန်းကျောင်းသားတွေက အပေါ်ဆုံးထပ်မှာ တက်ရမှာ" ဟုပြောသွားသည့်အခါ
ဝေဟင် ချက်ချင်းဆိုသလို ကျောပိုးအိတ်ကိုပြန်လွယ်ပြီး ထမင်းဘူးလေးကိုဆွဲကာ အလျင်အမြန် သွားရန်ပြင်လေသည်။ ထိုသို့သွားခိုက် လှေခါး အရောက်တွင် အသားဖြူဖြူ၊ ကျောပိုးအိတ်အနီရောင်လေးနှင့် အင်္ကျီ ဖြူဖြူလွှလွှလေးဝတ်ထားသည့် ကောင်မလေးတယောက်ကို ရုတ်တရက်တွေ့လိုက်မိသည်။ ဝေဟင်ဆိုသည့် ကလေးတယောက်ဘယ်လိုဖြစ်သွားသည်မသိ ထိုကောင်မလေးကို ဆက်၍ကြည့်နေမိသည်။ နောက်တော့မှာ အတန်းရှိရာကို ရောက်အောင်သွားရမည်ကိုသိသောကြောင့် ထွက်လာလိုက်သည်။ ထိုကောင်မလေးက ဝေဟင် ထွက်လာသည့်အတန်းဘက်သို့ဦးတည်သွားလေသည်။ ဝေဟင်လည်း
နေရာကောင်းမရမည်ကို စိုးရိမ်သောကြောင့် အတန်းကို မြန်မြန်ရောက်ရန် သုတ်ချေတင်ခဲ့လေသည်။
ဝေဟင် တက်ရမည်အတန်းက ပဉ္စမတန်း (က) ဖြစ်သည်။ အပေါ်ဆုံးဒေါင့်ဆုံး အခန်း ဖြစ်သည်။ အခန်းတွင်းသို့ရောက်သောအခါ ဝေဟင်နောက်ကျနေပြီ။ ရှေ့ဆုံးတန်းက သူ့အတွက်မဟုတ်တော့ ကျောင်းသားမဟုတ်သည့်  အန်တီကြီး များ နေရာဦးထားလေသည်။ ဒီတော့ဝေဟင်လဲ ဒုတိယတန်းကို အလျင်အမြန်ဝင်ထိုင်လိုက်လေသည်။ ဝေဟင်လဲ မိမိအတန်းရပြီဆိုတာကို အန်တီအားပြန်ပြောဖို့လိုသေးသည်။ ဒီလိုမှ သူ့၏အန်တီလဲ ပြန်လို့ရမည်မဟုတ်လား။ ဝေဟင်တယောက်မောနေသော်လည်း
အောက်ဆုံးသို့ပြန်ဆင်းကာ ဆရာမတွေနဲ့စကားကောင်းနေသည့် အန်တီကို လာပြောပြသည်။
" အန်တီလေး သားအခန်းတွေ့ပြီ ဟိုးမှာလေ ၄ထပ်ဆောင်ရဲ့ထောင့်ဆုံးအခန်းလေးကို လက်ညိုးညွှန်ပြလိုက်သည်။ သား ဒုတိယတန်းမှာနေရာရတယ်။ ခုကျောပိုးအိတ်ထားခဲ့တယ်။ အန်တီလေးလဲ ပြန်လို့ရပါပြီ။ သားအဆင်ပြေပါတယ်။ ဘာမှစိတ်မပူပါနဲ့"
ထိုသို့ပြောပြီးသည့်နောက် ဝေဟင်၏ အန်တီပြန်သွားလေသည်။ နောက်တော့ ဝေဟင်တယောက် ၄ထပ်ဆောင်ပေါ်ကိုအလျင်အမြန်ပြန်ပြေးတက်သွားသည်။ သူ၏ ကျောပိုးအိတ်ကို တယောက်ယောက်ရွှေ့လိုက်မှာ စိတ်ပူသည်။ သို့သော် သူ ချက်ချင်း၎ထပ်ကိုတက်မသွား။ ၃ထပ်ဆောင်ဖက်ကို သူတွေ့ခဲ့သည် ကောင်မလေးကို ရှာရန် သွားလိုက်သေးသည်။ သို့သော်သူမတွေ့ခဲ့။
(ဆက်ပါဦးမည်)