Sunday, July 21, 2013

သမ်းဝေနေတဲ့ မနတ်ဖြန်များ ...


ညတွေထဲက နတ်ဆိုးတစ်ကောင်လို

လေနှင်ရာလွင့်နေတဲ့တိမ်တိုက်တွေလို

လူခြေတိတ်မှ သည်းသည်းမဲမဲရွာတဲ့မိုးလို

အိမ်မက်တွေက ခြောက်ခြားစရာကောင်းနေတော့

ညတွေညတွေ ငါမုန်းတယ် ......

အမှောင်ထုတွေထဲက အော်သံတွေ

ကော်ဖီတစ်ခွက်နဲ့ စာအုပ်တစ်အုပ်

တစ်ခါတစ်လေ အခွေတစ်ချို့ နဲ့ ညတွေ

စိတ်ကူးတဲ့က တိုက်အိမ်တွေရယ်

မရေရာချာတိတ်တစ်ယောက်ရဲ့ မျှော်လင့်ချက်တွေနဲ့ 

အလင်းမဲ့နေတဲ့ ကမ္ဘာတစ်ခြမ်းက .....

သမ်းဝေနေတဲ့ မနတ်ဖြန်တွေမှာ

တိုးတိုးတိတ်တိတ် ရင်ခုန်သံတွေရှိတယ် <3


NSP (ခ) အောင်စိုပြေ


Friday, July 19, 2013

သူရဲကောင်းတိုရဲ့ နေ့ 

အာဇာနည်သူရဲကောင်းဆိုတာ

လူသာသေသွားမယ် ...........

သူတို့ ရဲ့နာမည်တွေကတော့ ကျွန်တော်တို့ 

ရင်ထဲမှာ အသည်းထဲမှာ သမိုင်းထဲမှာ

ဘယ်တော့မှ ဘယ်သောအခါမှ

မသေဘဲ အမြဲထာဝရရှင်သန်နေမှာပါ

သွားနှင်တော့ သူရဲကောင်းတွေရေ

လွယ်လွယ်ကူကူမရခဲ့တဲ့လွတ်လပ်ရေးကို

ကျွန်တော်တို့ ဆက်ထိန်းသိမ်းသွားပါ့မယ်

အာဏာရှင်တွေဘယ်လိုဘဲ ဖိနှိပ်ပါစေ

ဘယ်လောက်နောက်ကျနေပါစေ

ဘယ်အခြေအနေရောက်နေပါစေ

ကျွန်တော်တို့  ဒီနေ့ ကိုဘယ်တော့မှမမေ့ပါဘူး

သူရဲကောင်းတွေကောင်းရာ ဘုံဘဝ

ရောက်ပါစေ ............... !!!

NSP (ခ) အောင်စိုပြေ

Wednesday, July 17, 2013

မိုးရာသီ ............

                                           <3   မိုးရာသီ   <3


တစ်ခါတစ်လေ ........
လွမ်းစရာကောင်းတယ်

တစ်ခါတစ်လေ.........
ပျော်စရာကောင်းတယ်

တစ်ခါတစ်လေ ........
အတိတ်တွေကိုသတိရတယ်

တစ်ခါတစ်လေ ........
လွမ်းမောတမ်းတမိတယ်

တစ်ခါတစ်လေ ........
စိတ်ကူးတွေရွက်လွှင့်တယ်

တစ်ခါတစ်လေ မိုးရာသီက
တစ်ချို့ လူတွေအတွက် ကဗျာ
ဆိုပေမဲ့ ....................
တခြားလူတွေအတွက်
စိုစွတ်ရုံသက်သက်ဘဲလေ .............. :P

NSP (ခ) အောင်စိုပြေ

Monday, July 15, 2013

အိမ်မက်

                                                     အိမ်မက် ......

တိမ်တိုက်တွေပွင့်တဲ့ ရာသီ

သူရဲကောင်းတို့ နယ်မြေ

အမုန်းတွေမရှိတဲ့နေရာ

အလွမ်းတွေရဲ့ရာသီဥတု

မသိစိတ်တွေရဲ့ထွက်ပေါက်

သိစိတ်တွေရဲ့နာခိုရာ

အောင်နိုင်သူတွေအတွက်အပျော်

ရှူံးနိမ့်သူတွေအတွက်လွတ်မြောက်ရာ


အိမ်မက်တွေထဲကအိမ်မက်တွေနဲ့

လူတစ်ယောက် ......... !!!



NSP (ခ) အောင်စိုပြေ

Friday, July 12, 2013

ဒီလိုပါပဲ

ဒီလိုပါပဲ. 
မမျှော်လင့်ပဲလမ်းမှာတွေ့ တော့ 
ပထမ ပြုံးပြလိုက်တယ်. အကျင့်ကပါနေတာကိုး. 
အဆင်ပြေလားမေးတော့.  
အေးဆေးပါပေါ့. 
နေကောင်းလားမေးတော့. 
အရမ်းကောင်းတယ်ပေါ့. 
ဘာတွေလုပ်နေလဲဆိုတော့. 
အရင်လိုယောင်ခြောက်ဆယ်ပေါ့. 
မတွေ့ ဖြစ်တာကြာပြီဆိုတော့. 
အင်းပေါ့. ( စိတ်ထဲကတော့. အဲ့တာပဲကောင်းပါတယ်ပေါ့ )
သွားဦးမယ်ဟာ  ဆိုတော့. 
ခေါင်းညိမ့်ပြမိတယ်. ( တကယ်တမ်းတော့စကားလုံးပျောက်နေတာ )
ဒီလိုနဲ့   
နင်ကငါ့ကိုလွန်ပြီး
ကျောခိုင်းသွားတော့မှ. 
သက်ပြင်း တစ်ချက် ခပ်ဖြည်းဖြည်းချလိုက်တာ
မျက်ရည်တစ်စက်ပါ ပါသွားတယ်. ။ ။

မှောင်ကြီး

Friday, July 5, 2013

အဝေးယောက်တစ်ဦး၏ ရင်ဘက်


တစ်ခါတစ်လေ. 
ပင်လယ်ဘက်များ  ရောက်ရင်
မှုန်ရီတဲ့မျက်လုံး. တုန်ရီနေတဲ့ရင်ဘက်နဲ့ 
မမြင်နိုင်တဲ့ အဝေးတစ်နေရာဆီ. 
ခက်တွေတွေနဲ့ ရပ်ကြည့်နေမိတယ်.
အဲဒီနားမှာ. ငါတို့ နိုင်ငံရှိမယ်လို့  ။

မြင်ကြည့်လိုက်စမ်းပါ.  
အဲ့ဒီမှာ. တောင်တန်းတွေရှိမယ်
သစ်ပင်တွေရှိမယ်. 
ကြွယ်ဝလွန်းတဲ့
ဇီဝ မျိုးစိတ်တွေ၊ တွင်းထွက်တွေ.ရှိတယ်
ရိုးသားတဲ့ အပြုံးနဲ့  ကြင်နာတတ်တဲ့
မျက်လုံးလေးတွေရှိတယ်. 
သမိုင်းချီတဲ့ ယဉ်ကျေးမှုတွေရှိတယ် 
ဥာဏ်မမီတဲ့ သမိုင်း “ အရွေ့ ” တွေရှိမယ်။

ခေတ်ဆိုးတစ်ခု စနစ်ဆိုးတွေကြောင့်
နလန်မထူနိုင်အောင် ပြိုလဲခဲ့တဲ့ငါတို့ တွေ
ကိုယ့်ဘဝကိုယ်ကျောင်း. ကိုယ်ကံကိုယ်ဖန်ဖို့ 
မွေးရပ်မြေကို စွန့် ခွာလာခဲ့ရပေမဲ့. 
ငါတို့ ရဲ့ သွေးထဲမှာ 
ဒီမြေကရေတွေဟာ. စီးဆင်းနေတုန်း. 
ဒီမြေရဲ့ ရနံ့  တွေဟာစွဲကျန်နေတုန်းပဲ. ။

နာရီနှိုးစက်နဲ့ နိုးထရတဲ့မနက်ခင်းတိုင်းမှာ
အုန်းမောင်းသံနဲ့  လင်းကြက်တွန်သံကို 
တမ်းတမိပါရဲ့ 
ပုံမှန်လည်ပတ်နေတဲ့ စက်ရုပ်ဆန်ဆန်
နေ့ ရက်တိုင်းမှာ.  
ရော့သီချင်းနဲ့  ဆူညံနေတဲ့
လက်ဖက်ရည်ဆိုင်ကို လွမ်းတယ်
ရေချမ်းစဉ်ကို လွမ်းတယ်
ဆိုက်ကားကို လွမ်းတယ်
မြင်းလှည်းကို လွမ်းတယ်. 
မုန့် ဟင်းခါးကို လွမ်းတယ်. 
ကွမ်းယာကို လွမ်းတယ်. 
ငယ်ငယ်တုန်းက ဂျင်ပေါက်ဖော်
ဇယ်တောက်ဖော် တွေကိုလွမ်းတယ်. 
အဖြူ အစိမ်းကိုလွမ်းတယ် 
ချယ်ရီမြေနဲ့ တမာနံ့  ကိုလွမ်းတယ်. 
တောင်ဇလပ်နဲ့  ထင်းရှူးပင်တွေကိုလွမ်းတယ်
ငပိနဲ့  ငံပြာရည်ကိုလွမ်းတယ်  
ငါ့နိုင်ငံ ကို ငါလွမ်းတယ်ဆိုပါတော့. 

စိတ်ထဲရှိသမျှ ဖြစ်ချင်တာတွေပြောရရင်.  
အလုပ်လုပ်သူတိုင်း ထမင်းမငတ်တဲ့နေ့ 
ပညာတတ်တွေ မျက်နှာမငယ်ရမဲ့နေ့ 
အခွင့်ထူးခံဆိုတဲ့ လူတန်းစားတစ်ခု (တကယ်)ပျောက်သွားမဲ့နေ့   
နိုင်ငံသားတွေ တန်းတူညီမဲ့နေ့  
အဲ့ဒီနေ့ ရောက်ရင်တော့
ပြန်ဆုံကြတာပေါ့. 
  
ဒီလိုပါပဲ.  
ပင်လယ်ဘက်များ ရောက်ရင်. 
ဟိုးခပ်ဝေးဝေး. မမြင်နိုင်တဲ့တစ်နေရာဆီ. 
မှုန်ရီတဲ့မျက်လုံး. တုန်ရီနေတဲ့ရင်ဘက်နဲ 
ခက်တွေတွေနဲ့ ရပ်ကြည့်နေမိတယ်.
အဲဒီနားမှာ. ငါတို့ နိုင်ငံရှိနေလိမ့်မယ်လို့  ။  ။

 မှောင်ကြီး
   ၇/၅/၁၃
(ရင်ဘက်ငှား၍ ခံစားသည်)



ဘောင်ထဲကလောက


ခပ်ပျင်းပျင်းရှိလို့ 
လက်နားနီးတဲ့ စာမျက်နှာတွေ. 
လှန်ဖတ်မိတယ်. 
မရိုးနိုင်တဲ့ အနှုတ်လက္ခဏာတွေနဲ့ 
ပဋိပက္ခ အသစ်တွေ
အကြမ်းဖတ်မှုအသစ်တွေ.  
ပျက်စီးမှု၊ ဆုံးရှုံးမှု ၊နာကျည်းမှုအသစ်တွေ
မျက်ရည်တွေ လက်တုန့် ပြန်မှုအသစ်တွေနဲ့ 
နေ့ စွဲအသစ်တွေ.။  

အက္ခရာတွေကို 
နာကျည်းမှု ခံပြင်းမှုနဲ့  စက်ဆုပ်မှုတွေသာ
ကိုယ်စားပြုနေတဲ့
ခေတ်တစ်ခုရဲ့ ဒီဘက်ခြမ်းမှာ 
ချစ်ခြင်းနဲ့ မေတ္တာဆိုတာ ရှားပါးကုန်.
လူဆိုတာ နာမ်တစ်ခုအနေနဲ့ သာကျန်တယ်။ 

တစ်ဖြည်းဖြည်းနဲ့ 
ကမ္ဘာ ဟာ ကတုံးဖြစ်လာတယ်. 
နေကပိုပြင်းလာတယ်. 
ရုပ်ဝတ္တုတွေက အားကောင်းလာတယ်. 
ဖွံ့ ဖြိုးမှုတွေက အရှိန်မြင့်လာတယ်. 
လောင်စာတွေ ငတ်လာတယ်. 
ကိုယ်ကျင့်တရားတွေ ပျောက်ဆုံးကုန်တယ်. 
လူ့ အဖွဲ့ စည်းရဲ့ လှေကားထစ်တွေ. 
ပိုပိုကျဲလာတယ်. 
ကမ္ဘာက ခုဆိုမလုံးတော့ဘူး. 
လေလျှော့ခံထားရထားတဲ့ ပူပေါင်းလိုပဲ.။

ကမ္ဘာဟာ လူရဲ့စနက်နဲ့ 
နာဆဲ ဖျားဆဲ. 
မှတ်မိသလောက်တော့ 
ငယ်ငယ်တုန်းကကမ္ဘာဟာ ခုထက်တော့
ပိုလှသလိုပဲ. ။

မှောင်ကြီး
၃၀၊၄၊၁၃

ငမှောင့်အတွေး

တကယ်တော့ ဘဝဆိုတာ. ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး သရုပ်ဆောင်ခွင့်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်.။ သရုပ်ဆောင် ကောင်းကောင်း မကောင်းကောင်း ဇာတ်ညွှန်းလှလှမလှလှ အချိန်စေ့ရင် ဇာတ်သိမ်းခန်းတော့ရောက်ရတာပဲ. ။
ဒီတော့ ကြိုက်ရာ ဇာတ်ရုပ်သာ ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ပီပီပြင်ပြင်သာ သရုပ်ဆောင်တော့.။ သတိထားရမှာ ဇာတ်သိမ်းခန်း ပါတယ်ဆိုတာတော့မမေ့နဲ့ ။
ကိုယ့်ဇာတ်လမ်းမှာ အခြားသူတွေကအရန်
အခြားသူတွေ ဇာတ်လမ်းမှာ ကိုယ်က အရန်။
သူများဇာတ်လမ်းထဲတော့ သွား ဇာတ်လိုက် မလုပ်မိစေနဲ့ ။. ။