တစ်ခါတစ်လေ.
ပင်လယ်ဘက်များ ရောက်ရင်
မှုန်ရီတဲ့မျက်လုံး. တုန်ရီနေတဲ့ရင်ဘက်နဲ့ 
မမြင်နိုင်တဲ့ အဝေးတစ်နေရာဆီ.
ခက်တွေတွေနဲ့ ရပ်ကြည့်နေမိတယ်.
အဲဒီနားမှာ. ငါတို့ နိုင်ငံရှိမယ်လို့  ။
မြင်ကြည့်လိုက်စမ်းပါ.
အဲ့ဒီမှာ. တောင်တန်းတွေရှိမယ်
သစ်ပင်တွေရှိမယ်.
ကြွယ်ဝလွန်းတဲ့
ဇီဝ မျိုးစိတ်တွေ၊ တွင်းထွက်တွေ.ရှိတယ်
ရိုးသားတဲ့ အပြုံးနဲ့  ကြင်နာတတ်တဲ့
မျက်လုံးလေးတွေရှိတယ်.
သမိုင်းချီတဲ့ ယဉ်ကျေးမှုတွေရှိတယ်
ဥာဏ်မမီတဲ့ သမိုင်း “ အရွေ့ ” တွေရှိမယ်။
ခေတ်ဆိုးတစ်ခု စနစ်ဆိုးတွေကြောင့်
နလန်မထူနိုင်အောင် ပြိုလဲခဲ့တဲ့ငါတို့ တွေ
ကိုယ့်ဘဝကိုယ်ကျောင်း. ကိုယ်ကံကိုယ်ဖန်ဖို့ 
မွေးရပ်မြေကို စွန့် ခွာလာခဲ့ရပေမဲ့.
ငါတို့ ရဲ့ သွေးထဲမှာ
ဒီမြေကရေတွေဟာ. စီးဆင်းနေတုန်း.
ဒီမြေရဲ့ ရနံ့  တွေဟာစွဲကျန်နေတုန်းပဲ. ။
နာရီနှိုးစက်နဲ့ နိုးထရတဲ့မနက်ခင်းတိုင်းမှာ
အုန်းမောင်းသံနဲ့  လင်းကြက်တွန်သံကို
တမ်းတမိပါရဲ့ 
ပုံမှန်လည်ပတ်နေတဲ့ စက်ရုပ်ဆန်ဆန်
နေ့ ရက်တိုင်းမှာ.
ရော့သီချင်းနဲ့  ဆူညံနေတဲ့
လက်ဖက်ရည်ဆိုင်ကို လွမ်းတယ်
ရေချမ်းစဉ်ကို လွမ်းတယ်
ဆိုက်ကားကို လွမ်းတယ်
မြင်းလှည်းကို လွမ်းတယ်.
မုန့် ဟင်းခါးကို လွမ်းတယ်.
ကွမ်းယာကို လွမ်းတယ်.
ငယ်ငယ်တုန်းက ဂျင်ပေါက်ဖော်
ဇယ်တောက်ဖော် တွေကိုလွမ်းတယ်.
အဖြူ အစိမ်းကိုလွမ်းတယ်
ချယ်ရီမြေနဲ့ တမာနံ့  ကိုလွမ်းတယ်.
တောင်ဇလပ်နဲ့  ထင်းရှူးပင်တွေကိုလွမ်းတယ်
ငပိနဲ့  ငံပြာရည်ကိုလွမ်းတယ်
ငါ့နိုင်ငံ ကို ငါလွမ်းတယ်ဆိုပါတော့.
စိတ်ထဲရှိသမျှ ဖြစ်ချင်တာတွေပြောရရင်.
အလုပ်လုပ်သူတိုင်း ထမင်းမငတ်တဲ့နေ့ 
ပညာတတ်တွေ မျက်နှာမငယ်ရမဲ့နေ့ 
အခွင့်ထူးခံဆိုတဲ့ လူတန်းစားတစ်ခု (တကယ်)ပျောက်သွားမဲ့နေ့ 
နိုင်ငံသားတွေ တန်းတူညီမဲ့နေ့ 
အဲ့ဒီနေ့ ရောက်ရင်တော့
ပြန်ဆုံကြတာပေါ့.
ဒီလိုပါပဲ.
ပင်လယ်ဘက်များ ရောက်ရင်.
ဟိုးခပ်ဝေးဝေး. မမြင်နိုင်တဲ့တစ်နေရာဆီ.
မှုန်ရီတဲ့မျက်လုံး. တုန်ရီနေတဲ့ရင်ဘက်နဲ
ခက်တွေတွေနဲ့ ရပ်ကြည့်နေမိတယ်.
အဲဒီနားမှာ. ငါတို့ နိုင်ငံရှိနေလိမ့်မယ်လို့  ။ ။
မှောင်ကြီး
၇/၅/၁၃
(ရင်ဘက်ငှား၍ ခံစားသည်)
No comments:
Post a Comment