Tuesday, April 30, 2013

လောကကိုကြည့်မိခြင်း

လောကကို ကြည့်မိခြင်း

ခပ်ပျင်းပျင်းရှိလို့ 
လက်နားနီးတဲ့ စာမျက်နှာတွေ.
လှန်ဖတ်မိတယ်.
မရိုးနိုင်တဲ့ အနှုတ်လက္ခဏာတွေနဲ့ 
ပဋိပက္ခ အသစ်တွေ
အကြမ်းဖတ်မှုအသစ်တွေ.
ပျက်စီးမှု၊ ဆုံးရှုံးမှု ၊နာကျည်းမှုအသစ်တွေ
မျက်ရည်တွေ လက်တုန့် ပြန်မှုအသစ်တွေနဲ့ 
နေ့ စွဲအသစ်တွေ.။

အက္ခရာတွေကို
နာကျည်းမှု ခံပြင်းမှုနဲ့  စက်ဆုပ်မှုတွေသာ
ကိုယ်စားပြုနေတဲ့
ခေတ်တစ်ခုရဲ့ ဒီဘက်ခြမ်းမှာ
ချစ်ခြင်းနဲ့ မေတ္တာဆိုတာ ရှားပါးကုန်.
လူဆိုတာ နာမ်တစ်ခုအနေနဲ့ သာကျန်တယ်။

တစ်ဖြည်းဖြည်းနဲ့ 
ကမ္ဘာ ဟာ ကတုံးဖြစ်လာတယ်.
နေကပိုပြင်းလာတယ်.
ရုပ်ဝတ္တုတွေက အားကောင်းလာတယ်.
ဖွံ့ ဖြိုးမှုတွေက အရှိန်မြင့်လာတယ်.
လောင်စာတွေ ငတ်လာတယ်.
ကိုယ်ကျင့်တရားတွေ ပျောက်ဆုံးကုန်တယ်.
လူ့ အဖွဲ့ စည်းရဲ့ လှေကားထစ်တွေ.
ပိုပိုကျဲလာတယ်.
ကမ္ဘာက ခုဆိုမလုံးတော့ဘူး.
လေလျှော့ခံထားရထားတဲ့ ပူပေါင်းလိုပဲ.။

လူရဲ့စနက်နဲ့ ကမ္ဘာဟာ
နာဆဲ ဖျားဆဲ.
မှတ်မိသလောက်တော့
ငယ်ငယ်တုန်းကကမ္ဘာဟာ ခုထက်တော့
ပိုလှသလိုပဲ. ။

မှောင်ကြီး
၃၀၊၄၊၁၃

Sunday, April 28, 2013

စဉ်းစားကြည့်ပါ...ဖြေပါ...?

လ တစ်လထဲမှာ......
ရက်ပေါင်း... ၃၁ ရက်
နာရီပေါင်း... ၇၄၄ နာရီ
မိနစ်ပေါင်း... ၄၄၆၄၀ မိနစ်
စက္ကန့်ပေါင်း.. ၂၆၇၈၄၀၀ စက္ကန့်
ပါဝင်ဖွဲ့စည်းထားတယ်.....

သင်ရဲ့ တစ်လတာ ရှင်သန်ခြင်းမှာ
မုသား ဘယ်နှစ်ရက်..? အမှန်တရား ဘယ်နှစ်ရက်..?
ဘယ်နှစ် နာရီ သုံးလဲ..၊ ဘယ်နှစ် နာရီ ဖြုန်းလဲ..?
လှူပ်မရ တဲ့ ကျပ်တည်းမှူ ဘယ်နှစ် မိနစ်..? အချူပ်နှောင်မဲ့ လွတ်လပ်ခြင်း ဘယ်နှစ်မိနစ်..?
ကောက်ကျစ်မှူ ဘယ်နှစ်စက္ကန့် ...? ပရဟီတ ဘယ်နှစ် စက္ကန့် ...?
ပါဝင်ဖွဲစည်းထားလဲ...... ဖြေပါ..?

သင်ဘ၀ရဲ့ အချစ်အတွက် ခံယူချက်ထဲမှာ....
အစစ်အမှန် ဘယ်နှစ်ရက်..? အပေါ်ယံသာယာမှူ ဘယ်နှစ်ရက်...?
တစ်ဦးထဲ ကို လေးလေး နက်နက် ဘယ်နှစ်နာရီ....? မန္တလေး ထိုးမုန် လို့ ဟိုမြည်းဒီမြည်းဘယ်နှစ်နာရီ...?
တဏှာရမ္မက် အတွက် ဘယ်နှစ်မိနစ်..? ဖြုစင်တဲ့ အချစ်စစ်အတွက် ဘယ် နှစ်မိနစ်..?
စွန်လွှတ် ပေးဆပ်ခြင်းအတွက် ဘယ်နှစ် စက္ကန့် ..?
ရယူသိမ်းပိုက်ခြင်းအတွက် ဘယ်နှစ်စက္ကန့် ...?

ပါဝင် ဖွဲစည်းထားလဲ...ဖြေပါ...?
ကဲ...သင် တို့ အားလုံး ကိုယ်ပေါင့် ကို လှန် ထားလိုက်ပါ...
ဖြစ်နေတာနဲ့ ဖြစ်တော့မှာ ကို ၀န်ခံ စဉ်းစားပြီး...
တစ်ယောက်ထဲ...
အားရ ပါးရ ထောင်းလိုက်ရအောင်.....
                                             Mr.13
P.S: ဆရာ ညီမင်းညို ရဲ့ ရေးနည်းကို တုပပြီး..ကိုယ်ပိုင်စကားလုံးများဖြင့်ရေးဖွဲ့ ထားကြောင်းဝန်ခံပါသည်..။

ဒီဇာတ်လမ်းမှာ.......ငါဟာလူကြမ်းပါ.......။



မင်း မျက်နှာလေးနဲ့ ဘ၀မေ့နေတာ
မင်းသားကမိုးပေါ်မှာ.............
သူမဆီ တစ်လှမ်းခြင်း...........
အဲဒီတော့မှ လက်သီးတစ်လုံးနဲ့ ကျွမ်းထိုးမိတယ် .....။

မဲပြာ ပုဆိုးဇာတ်လမ်းတွေ အသဲစွဲနေရင်း
ဇာတ်လမ်းထဲမှာ ဗီလိန် ဖြစ်သွားတဲ့ ငါ
ငါရဲ့ အချစ်တွေကို သူမက .....အော်ကလီဆန်သတဲ့
နူးညံသိမ်မွေမှူက ပိုင်ဆိုင်သိမ်းပိုက်မှူ အဖြစ်အပြောင်း..........
ငါ့ ပါးတစ်ဖက်တစ်ချက်စီမှာ လက်သီးနဲ့ လက်ဝါး
ဒုန်ဆိုင်းနင်းဖြတ် ................
အချစ်ခြင်းတူရင်တောင်
တံတွေးခွက်ထဲမှာ အသဲကွဲရတဲ့ ကောင်

ကြီးမြတ်ခမ်းနားတဲ့ အချစ်က BlackList ထဲ အရောက်

ထုံးစံအတိုင်း....................ရှေ့က စီနီယာတွေလို့

ဝီစကီ ကကြိုး၊ ဘီယာ ပတ်ပျိုး ကင်းလွှတ်တဲ့
အဖြုရောင်ထဲ စီးမျှောလိုက်တယ်........
ကျေးဇူးပြုပြီးတစ်ယောက်လောက် သနားပေးပါ
ရေ တစ်ခွက်နဲ့ ဖြစ်ဖြစ်ပေါ့။ ။
Mr.13

Monday, April 15, 2013

ကျွန်တော်တို့ မြန်မာ့နှစ်ကူးအတာသင်္ကြန်မှာ ရေကစားကြပြီး နေလောင်ခံရသော အသားအရေများကို ပြန်လည်ကောင်းမွန်စေရန် ကိုကို၊မမ တို့အတွက်



၁။ ရေအေးအေးလေးနဲ့ရေချိုးပါ - ရေရဲ့အပူအချိန်ဟာ နွေးတဲ့ ဆိုတဲ့ အပူချိန်မျိုးမဟုတ်ပဲ အေးနေတဲ့ အပူချိန်လောက်နဲ့ ရေအေးအေးလေးနဲ့ မိနစ်၂၀ခန့်ရေချိုးပါ။ အဲလိုရေချိုးခြင်းဟာ နေလောင်လို့ အသားအရေ စပ်တာ၊ပူတာ နဲ့ နာကျင်တာတွေကို သက်သာစေပါတယ်။ ရေချိုးရာမှာ နေလောင်ထားလို့ နီစပ်နေတဲ့အသားအရေကို ဆပ်ပြာနဲ့ တိုက်ခြင်းမှရှောင်ကျဉ်ရပါမယ်။
ဆပ်ပြာမှာပါတဲ့ ကော့စတစ်က နေလောင်တဲ့အသားအရေကို ပိုမိုထိခိုက်စေပါတယ်။
နေလောင်လို့အသားအရေမှာ အရေကြည်ဖုလေးတွေထနေတယ်ဆိုရင် ရေပန်းနဲ့ရေချိုးတာထက် ရေကိုအလုံးအထည်လိုက်ကျစေမယ့် ခွက်နဲ့ခပ်ချိုးတာက ပိုမိုသင့်တော်ပါတယ်။

၂။ ရေစိုဝတ်ကပ်ပေးပါ- ရေချိုးဖို့ အဆင်မပြေတဲ့အချိန်တွေမှာ နေလောင်ဒဏ်ရာတွေကို ရေစိုဝတ်ကပ်ပေးပါ။ ရေစို ၀တ်ကို ကပ်တဲ့အခါ မိနစ်၂၀-၃၀ ကြအောင်ကပ်ပေးသင့်ပါတယ်။ ရေကို တနေ့၂ကြိမ်လောက်ပဲချိုးရတဲ့အခါမှာ နေလောင်ဒဏ်ရာတွေ အမြန်ဆုံးသက်သာစေဖို့ ရေစိုဝတ်ကပ်ပြီး နှိပ်နယ်ပေးတာ ဟာပုံမှန်အသားအရေ ပြန်ရအောင် အထောက်အကူပြုပါတယ်။ ရေစိုဝတ်ကို မိမိနှစ်သက်သလို ခဏခဏ အကြိမ်များစွာကပ်ပေးနိုင်ပါတယ်။

၃။ ရှားစောင်းလက်ပတ် - ဒါကတော့ အရေပြားအလှအပနဲ့ဆိုင်တဲ့နေရာမှာ အများဆုံးအသုံးပြုတဲ့ အပင်ပါပဲ။ ရှားစောင်းလက်ပတ် ကို အရွက်ပြားကိုခူး အရွက်ပြားထဲက ဂျယ်လီတွေကို ယူပြီး နေလောင်ဒဏ်ရာတွေကို ပွတ်လိမ်းပေးခြင်းအားဖြင့် အရေးပြားရဲ့ ဆဲလ်တွေ ပြန်လည်တည်ဆောက်ရာမှာ လျင်မြန်လာအောင် အကူအညီပေးပါတယ်။ ဂျယ်လီတွေလိမ်းတဲ့အခါ အရမ်းကြီး ပွတ်စရာမလိုပါဘူး။ ဖြည်းညင်းစွာ ပွတ်ပေးရမှာပါ။ အဲလိုလုပ်ပေးခြင်းအားဖြင့် အရေပြားခြောက်သွေ့တာကို ကာကွယ်ပေးရာရောက်ပါတယ်။ ဒါကို လည်း မိမိနှစ်သက်သလို ခဏခဏ လုပ်နိုင်ပါတယ်။

၎။ အ၀တ်အစား - ပွပွယောင်းယောင်း နူးညံ့တဲ့ ချည်ထည်တွေကိုသာ ၀တ်ဆင်ပါ။ ဒီလိုဝတ်ဆင်ခြင်းအားဖြင့် အရေပြားအတွက် လေ၀င်လေထွက်ရော မိမိကိုယ်တိုင်ပါ သက်တောင့်သက်သာရှိစေမှာပါ။

၅။ ရေများများသောက်ပါ - လူ့ခန္ဓာကိုယ်မှာ ရေဟာ ၃ပုံ၂ပုံ ပါဝင်တယ်ဆိုတာ သိကြမှာပါ။ ရေဟာ ခန္ဓာကိုယ် သက်ရှိဆဲလ်တွေရဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာ မရှိမဖြစ်ဓါတ်ကူပစ္စည်းဖြစ်ပါတယ်။ရေများများ သောက်ပေးခြင်းအားဖြင့် အရေပြားဆဲလ်တွေပြန်လည်တည်ဆောက်ရာမှာ လျင်မြန်စေပြီး၊ ကောင်းမွန်သော အထောက်အကူပေးပါတယ်။

၆။ ခရမ်းချဉ်သီး - ခရမ်ချဉ်သီး စားရင် အသားလှတယ်ဆိုတာကြားဖူးမှာပါ။ သူက စားရုံတင်မဟုတ်ပါဘူး။ ခရမ်းချဉ်သီးအနှစ်ကို နေလောင်ဒဏ်ရာတွေမှာ လိမ်းပေးရင်လည်း
နေလောင်ဒဏ်ရာတွေကို လျင်မြန်စွာ သက်သာစေမှာဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာ Anti-oxidant တွေအများကြီးပါဝင်တဲ့အတွက် အရေးပြားကိုများစွာ အထောက်အကူပြုပါတယ်။
၇။ ကြက်ဥ - ကြက်ဥ ကို မွှေပြီး မအိပ်ခင်မှာ နေလောင်ဒဏ်ရာတွေကိုလိမ်းပါ။ အနည်းငယ်ခြောက်သွှေ့သွားရင် ရေနဲ့ဆေးလိုက ဆေးပါ။ မဆေးချင်လဲ မနက်ထမှဆေးပါ။ ကြက်ဥနဲ့မျက်နှာပေါင်းတင်သလိုပါပဲ။ ကြက်ဥမှာ ပါတဲ့ ပရိုတိန်းဟာ အရေပြား ဆဲလ်တွေပြန်လည်တည်ဆောက်ရာမှာအထောက်အကူဖြစ်စေပါတယ်။
                                                                                                         
(ဝေယံထက်)







Sunday, April 14, 2013

ကျွန်တော်နဲ့ မီဒူဆာ



ပေါက်ခနဲ့ ...........ပေါက်ခနဲ့
ငါရဲ့ မာန၊အသိဥာဏ်၊သိက္ခာ အကုန် အကုန်လုံး........
သူမ ပါးပြင်က ကျောက်စက်ရေနဲ့
ဒလဟောစီးဆင်းသွားတယ်........တံတွေူခွက်ထဲမှာ........။

အကြည်နဲ့ ညှို့တယ်
အပြုံး နဲ့ အမိန့်ပေးတယ်
အထိ နဲ့ သိမ်းသွင်းတယ်
နောက်ဆုံးတော့...................
တောက် ခနဲ့ ပေါက် လိုက်တဲ့ မျက်ရည်တစ်စက်
ဦးနှောက် ဟောက်ပက်....
 နှလုံးသားလဲ ပလပ်ကျွတ်သွားတယ်
ကျေးဇူးတင်ပါတယ်.................မီဒူဆာမလေးရေ.........
ငါ......အသဲ မကွဲခဲ့ပါဘူး............
ကျောက်ဖြစ်သွားရုံပါ................။ ။
                      Mr.13


P.S။ ။ မီဒူဆာ = ခေါင်းတွင် မြွေများရှိပြီး သူမဧ။် မျက်လုံးကို ကြည်မိလျှင် ကျောက်ဖြစ်သွားစေသော ဂရိခေတ်က နတ်သမီး တစ်မျိုး....

သင်္ကြန်........ရောက်ရာအရပ်က အမြန်ပြန်လာပါ..........



သတ်မှတ်ချက်တစ်ခု.........
အငွေ့ သက်တစ်ခုတော့......ရှိကိုရှိရမယ်
အကုန်လုံးမဟုတ်တောင်.......တစ်ဝက်လောက်ဖြစ်ဖြစ်ပေါ့
ဒီနှစ်သင်္ကြန်......................
ဟောင်းပေါက်ဖြစ်နေတဲ့ ဗလာထဲမှာ မူးဝေနေမှာ

ပိတောက်တွေလဲ မဝေတော့ပါ.......
မိန်းကလေးတွေတော့ မူးဝေနေတယ်။

သံချပ်တွေလဲမမြိုင်တော့ပါ........
သွေးပူစေတဲ့ DJသံတွေတော့ မြိုင်ဆိုင်နေတယ်။

မုန်လုံးရေပေါ်တွေလည်း မလှိုင်တော့ပါ................
ဘီယာနဲ့အရက်တွေတော့ လှိုင်လှိုင်ပေါနေတယ်။

စာရိတ္တတွေလည်း မခိုင်တော့ပါ.........
အလိုရမ္မက်တွေတော့ ခိုင်မြဲနေတယ်။

သင်္ကြန်က အရှက်ကြောက်တရားနဲ့ မသက်ဆိုင်တော့ပါ.........
လွတ်ထွက်နေတဲ့စိတ်ဓာတ်တွေတော့ သက်ဆိုင်မင်းမူနေတယ်။
ဟူး................................
ငါတို့ အဘိုးလက်ထက်က သပြေခက်နဲ့ ရေပက်တဲ့ သင်္ကြန်
ငါတိုအဖေ လက်ထက်က ငွေဖလားနဲ့ ရေကစားတဲ့ သင်္ကြန်
ငါတို ငယ်ငယ်က ညစ်ညမ်းတာဆိုလို့ အိုးမဲပဲရှိတဲ့ သင်္ကြန်
ဘယ်များရောက်နေလဲကွယ်.........?

စည်းကမ်းဖေါက်ရင်ထီးနန်းတောင်ပေါက်သေးတာ........
ငါတို သင်္ကြန်ကြီးကော ဘယ်အချိန်မှာများ..................?

ရာဇ၀င်များစွာ တည်ရှိခဲ့တဲ့
မဟာဆန်သူမိန်းကလေးရေ............
ငါတို့ စိတ်ထဲက ဖြစ်တည်နေတဲ့ သင်္ကြန်နတ်ဆိုးကို......
မောင်းထုတ်ပေးပါ...........
ဖုံးလွှမ်းပေးပါ.................
အဆုံးသတ်ပေးပါ............
မင်းရဲ့ မဟာဆန်ဆန်လှပခဲ့တဲ့ နေရက်တွေ..............
မင်းကြောင့်....အေးချမ်းခဲ့တဲ့ အနှိုင်းမဲ့ အပျော်တွေ......
မင်းကြောင့် ပျော်ရွှင်ခဲ့တဲ့ ချစ်သူတွေ ပေါင်းစည်းခဲ့တဲ့ ချစ်သူတွေ........
မင်းကြောင့် ဖြစ်တည်ခဲ့တဲ့ သံချပ်တွေ အလှပြယာဉ်တွေ...................
မင်းကြောင့် အေးမြခဲ့တဲ့ နွေခေါင်ခေါင်နေ့ ရက်တွေ.........
မင်း ဖန်တီးခဲ့တဲ့ မုန်လုံးရေပေါ် နဲ့ သင်္ကြန်ထမင်းတွေ.......
ဟူး..........ပြောလို့ မကုန်တဲ့ မင်းအကြောင်းတွေကို ..............
အိမ်ယာဝင် ပုံပြင်အဖြစ်
ငါတို့ မွေးလာမဲ့ သားသမီးတွေကို ပြောမပြချင်ဘူးကွာ.......။
မင်းရောက်ရာ အရပ်က အမြန်ပြန်လာပါ ......
ငါတို့ မင်းကို စိတ်ပူနေတယ်.............
ငါတို့ ရဲ့ အကန့် သေးသေးလေးပဲ ကျန်တော့တဲ့...
အဖြုရောင်ရင်ဘတ်တွေနဲ့ မျှော်နေမယ်........။
...................အမြန်ပြန်လာခဲ့ပါ..................။ ။
Mr.13

Wednesday, April 10, 2013

မေဒါး

ငယ်ငယ်က ကိုယ်တွေ့အဖြစ်ပျက် ကလေးပါ

ကျနော်တို့ တိုင်းရင်းသား တော်တော် များများက ဗမာစကား သိပ်မပြော တတ်ကြတော့ မန္တလေးတို့ ရန်ကုန်တို့ လာရင် တော်တော် ခွကြပါတယ် ။(ကျနော်တို့ ငယ်ငယ်တုန်းက ပေါ့လေ,ခုမဟုတ်တော့ပါ )

ရန်ကုန်မှာပေါ့လေ .. တစ်ရက်ကြတော့ အဒေါ်က  Donut မုန့်လုပ်ကျွေး မယ် ဂျုံသွားဝယ် ချေ ဆိုပြီးတော့ ကျနော်တို့ကို ဈေးလွှတ်လိုက်ပါတယ် ။ ဖြစ်ချင်တော့ ကျနော်တို့ ၃ ယောက်စလုံး(ဘယ်သူဘယ်ဝါ ဆိုတာတော့ မပြောတော့ပါ) တစ်ယောက်မှ ဗမာစကား လည်လည်ဝယ်ဝယ် မပြော တတ်ကြဘူး။

အဒေါ်ကလည်း အဲဒါကိုသိလို့ 'ဂျုံ' လို့ပြောနော် ဆိုပြီးတော့ သေချာ မှာလိုက်ပါတယ်။ဖြစ်ချင်တော့ ကျနော် တို့ကလည်း သေချာကို မေ့နေခဲ့တာပါ အဲဒီချိန်မှာ။အိုက်မှာ ဈေးလည်းရောက်ရော တွေ့တဲ့ဆိုင်ထဲ ကောက် ဝင်ပြီး ပြောမယ်ကြံကာမှ ပါးစပ်က ဘာပြောရမှန်း မသိတော့ဘူး။ ဆိုင်ရှင်က 'ဘာဝယ်မှာ လည်း'မေးနေပြီ။ကျနော့် ပါးစပ်ကဘာသံ မှထွက်မလာတော့ဘူး ။အဲဒါနဲ့ ကျနော်လည်း ဆိုင်ရှင်ကို 'ခဏနော်' လို့ပြော ပြီးတော့ ကျန်တဲ့ နှစ်ကောင် ကိုစစ်ကူတောင်းရဘာတော့တယ်။ အိုက်နှစ်ကောင်လည်း မမှတ်မိတော့ဘူး။ ဒါနဲ့ တစ်ယောက်က ကျနော်တို့ တိုင်းရင်းသားစကားနဲ့ 'ဟေ့ကောင် ငါတို့စကားနဲ့ အဲဒါကို ''မေဒါး''လို့ ခေါ်တယ်။ခုနအဒေါ် လည်း အိုက်လိုဘဲ ငါတို့ ကိုမှာလိုက်သလားလို့''ဆိုပြီးတော့ြေ့ပာပါတယ်။ခဏ သူစဉ်းစားသလိုလို ဘာလိုလို လုပ်ပြီး  '' ဟုတ်ဘာတယ် အဒေါ်ပြော တာ မေဒါး ဘာဘဲ ငါကောင်းကောင်း မှတ်မိတယ် ''ဆိုပြီး အသေအချာပြော လာဘာတော့တယ်။အမှန် တကယ် သူကျနော့် ကိုဆေးထိုးတာပါ။ကျနော် မသိခဲ့ဘူးလေ။ ဆိုတော့ ကျနော်က ok သေချာရင်လည်း ပြီးတာဘဲ ပေါ့ ။
ဆိုင်ရှင် အဒေါ်ကြီး ကို ကျနော် စမေးပါတယ် ''အဒေါ် 'မေဒါး' ရှိလား ''ပေါ့ ။
အဒေါ် ကြီးက ''ရှိတယ် ဘယ်နှခုယူမှာ လည်း'' ဆိုတော့ ( အမှန် တကယ် အဒေါ်ကြီးကြားတာ က ဘလိပ်ဓား) ကျနော်က ''၅၀'' သား လို့ပြော လိုက်တယ်။ အဒေါ် ကြီးမျက် လံုးပြူး သွားပါတယ်။သူ ကျနော့် ကိုတချက် ကြည့် ပြီး ချိန်ခွင် ကိုယူ ပြီးတော့ ဗီရိုထဲက TOPAZ ဘလိပ်ဓား တွေ အပြွတ်လိုက် ပြုံးစိစိ နဲ့ထုတ် ပြီး ခပ်တည်တည်နဲ့ စချိန်ဘာတော့တယ်။ ဒီတခါ မျက်လုံးပြူးသွားတာက ကျနော်။ ဟာာာ အဒေါ် အဲဒါကိုပြောတာ မဟုတ်ဘူး  လို့ ကျနော် ပြော တော့  သူက အဲဒါ ဆိုဘာတုန်း ဆိုပြီး ပြန်မေးလာဘာတယ် ။ကျနော် တို့လည်းဘာပြောရမှန်း မသိတာနဲ့  ဆောရီး ကျနော် အိမ်ကမှာ လိုက်တာ မေ့သွားတယ်  လို့ပြော တော့ သူက ငါသိပါတယ်  တမင်နောက်တာပါတဲ့  ။ပြီးတော့ မေးလိုက်သေးတယ် နင်တို့ ဘာတိုင်းရင်းသားတွေလည်း တဲ့ ။ကျနော် က __ တွေပါ လို့ ပြော ပြီး တချိုးတည်း အိုက်နေရာက လစ် တော့တာဘဲ။နောက်ဆုံး အဒေါ်  ကိုယ်တိုင်ဘဲ ထွက်ဝယ် လိုက်ရတယ်။အိုက်နေ့ Donut အရသာက soda များလို့လား မသိဘူး ။စားရတာ တစ်မျိုးကြီးဘဲ....
(စာလုံးပေါင်း မှားတာတွေအတွက် သီးခံပါ)

                     AirCond

ကျွန်း

                ကျွန်း
ကျယ်ပြောလှတဲ့
သံသရာ မြစ်ပင်လယ်ကြီးထဲက...
တစ်ခါတရံ ..
ပျောက်ဆုံးနေတတ်တဲ့
အနာဂတ် ကျွန်း
တစ်ခုဆီကို...
မျှော်လင့်ခြင်း
လက်တစ်စုံ နဲ့
မမောနိုင် မပန်းနိုင်
သူ..
အရောက်
လက်ပစ်ကူးနေလေရဲ့  ...
            AirCond

Tuesday, April 9, 2013

သူမ သိတယ်ဆိုယုံလေးပဲ..........



သူမသိတယ်ဆိုရုံလေး........... 

ဆင်ပိန် ကျွဲလောက်အတွေးတွေနဲ့
ငါမတိုးရဲ့တဲ့ တံတိုင်းတွေရှေ့မှာ
နင်က ငါကို ထိုးနှက် နေတယ်
ရဲရင့်ခြင်း ဗီဇက ငါအင်ဇိုင်းမှာပါလာပါတယ်
ပြည်စုံခြင်းတွေတာ
ငါ ဘဝမှာ မှင်ရေကျဲနေတာ...
ဘုရားရှင်တောင် ပါရမီဖြည်ဖက်လိုအပ်သေးတာ
နင်က ငါကို အဖြည်ခံလို့ သဘောထားပါ
ရတယ်.....ရတယ်
နင်းသာတတ်သွား
ငါနှလုံးသားက အသားကျနေပြီ ။
နင်ကမေးဘူးတယ်
" အချစ်ကဘာလဲ "
အဲဒါ ငါမသိဘူး...ငါ့ ရဲ့ အချစ်က...
နင့် မျက်နှာလေး ငေးနေရရုံ...
နင့်အသံလေးကြားနေရရုံ...
နင့်အပြုံးလေးတွေ ဖန်တီးပေးနေရုံ
နင့်ဒုက္ခတွေ ကောက်သိမ်းနေရရုံ
နင်မသိအောင် ချစ်နေတယ်ဆိုတာ
နင်သိတယ်ဆိုရုံလေးပါ...။ ။
Mr.13

Monday, April 1, 2013

ကြီးမြတ်ခြင်း သို့ အထင်ကြီးခြင်း


ကြီးမြတ်ခြင်း သို့ အထင်ကြီးခြင်း

မေးချင်တယ် လောကကြီးရယ်
ကြီးမြတ်ခြင်းဆိုတာ ဘာပါလဲ

ရုပ်ရည် ချောမောတာလား
ငွေကြေးဥစ္စာကြွယ်ဝချမ်းသာတာလား
သြဇာတိကမ ရှိတာလား
ဂုဏ်သတင်းကျော်ဇောတာလား

ဒါပေမယ့် လွဲနေတာလေးတွေရှိတယ်
လူတချို့က အထင်ကြီးအောင်နေတယ်
တချို့က သာမန် ဖာသီးဖာသာနေတယ်

ဘယ်သူက အစစ်အမှန်ပါလဲ
ရုပ်ရည်ချောမောအောင်ပြင်ဆင်မှလား
မည်မျှချမ်းသာကြောင်းကြွာဝါပြမှလား
အာဏာပါဝါထုတ်ပြမှလား
ကျော်ကြားမှုတွေကို လူသိအောင်လုပ်မှလား

ရယ်တော့အရယ်ရသား
ကောသလမင်း အိမ်မက်လို
ခုတော့ အရာအားလုံးကပြောင်းပြန်တွေဖြစ်လို့

မရှိခိုးနိုး မလှစုန်းမျိုး
လူတွေထင်ကြလေတယ်
တကယ့်အနှစ်သာရ
ဘ၀နဲ့ဝေးကွာတယ်
ဘယ်ခါမှ အမှန်မြင်နိုင်ကြပါလိမ့်

ဟောင်လွန်းသောခွေး လူမလေးပါဘူး
ကိုက်သောခွေးကလဲ အသံကျယ်ကျယ်မဟောင်ပါဘူး
သင်္ကြန်အမြောက်လူတွေကြိုက်ကြတယ်
 တော်တော်လေးလွဲနေတဲ့ လောကလူ့ဘောင်

ဝေယံထက်

အတ္တ


ပြဒါးသုတ်ထားတဲ့မှန်လို
ကိုယ့်ကိုယ်ကိုပဲပြန်ကြည့်တဲ့
အတ္တ

လိုရင်ပေါင်း မလိုရင်ညောင်း
 သူငယ်ချင်းတွေကြားက
အတ္တ

ငါ့ဘ၀မြင့်မှားရင်ပြီးရော
သူများဘ၀တွေကို လှေကားထစ်
သဖွယ် နင်းတက်တတ်တဲ့
အတ္တ

ဖိတ်ချင်းဖိတ်
ကိုယ့်အိတ်ထဲပဲ ဖိတ်ပါစေဆိုတဲ့
အတ္တ

အတ္တ အတ္တ အတ္တတွေ
လူတွေကို မျက်ကန်းသဖွယ်
ပြုလုပ်နိုင်စွမ်း
ပိုင်ဆိုင်ထားလေတော့
အတ္တကို လက်ကိုင်ထားသူများ
လူမပီသတော့တာသိပ်မဆန်းပါဘူး

ဝေယံထက်