Monday, April 14, 2014

အမည်ပေါက် သင်္ကြန်

အမည်ပေါက် သင်္ကြန်

သင်္ကြန် . . .
သင်္ကြန် . . . ဘာကျန်သေးလဲ ?
သီချင်းဟောင်းလေးတွေရယ်
အတွေးဟောင်းလေးတွေရယ်
အငွေ့သက်ဟောင်းလေးတွေရယ်
ယုံတမ်းစကားအဟောင်းလေးတွေရယ်
သြော် . . . သြော် . . .
သင်္ကြန်ဆိုတာ
ပစ္စည်းဟောင်းတစ်ခုပါလား . . . ။

တော်ပြီဗျာ တော်ပြီ
အရင်ကအဟောင်းတွေ
ဘယ်လောက်ကောင်းကောင်းမပြောတော့ဘူုး
ပြန်မှ မရနိုင်တော့တာ
အရှိ ကို အရှိအတိုင်း စာစီကြည့်မယ် ။
ရေအားခပ်ပြင်းပြင်းလေး
ဘီယာနံသင်းသင်းလေး
ယမကာပျော့ ပျော့ လေး
ဒီထက်ပျော်ချင်ရင် ဒီထက်ပြင်းလိုက်ပေါ့
DJသံမြုးမြုးလေးက
ယမကာရောတဲ့သွေးကို ကြွစေဖို့
အာမခံထားတယ်
အရှက်ဆိုတာ ခဏမေ့နိုင်ရင်
နာမည်ကြီးဖို့ လွယ်တဲ့ပွဲတော်ဆိုပါတော့
ဘာမှမကြောက်နဲ့ လုပ်ချင်တာလုပ်ဖို့
အပျော်ဆိုတဲ့ ခေါင်းစဉ်ရှိတယ်
ခေတ်ဘယ်လောက်မှီမှီပါဗျာ
အိုးမဲတော့ လူတိုင်းလိုလို သုတ်ကြတယ်
လက်မပေ တဲ့နည်းနဲ့
လူငယ်တော်တော်များ
မဲမဲပြောင်နေအောင် သုတ်ကြတယ်
မိဘနှစ်ပါး ကို ပေါ့
ကိစ္စတော့မရှိပါဘူး
ခုနပြောတဲ့ခေါင်းစဉ်ရှိတာပဲ
အပျော်ပေါ့ ။

သင်္ကြန်ဆိုတာ ဘာလဲ ?
မေးချင်တယ် ဗျာ
ဘယ်လိုအဓိပ္ပါယ်များဖွင့်ကြမလဲ ?
ယမကာ လား? ဘီယာ လား ?
အနောက်တိုင်း ဂီတ လား ?
ကိုယ်တွင်းသားပေါ် ဖက်ရှင် လား ?
ရုပ်ပျက်ဆင်းပျက်အပျော် လား ?
သံဝါဿ ကိစ္စလား ? ရန်ပွဲတွေ လား ?
လမ်းတွေပေါ်လျောက်သွားနေတာ လား ?
ဖရုဿ ၀ါစာ စကားတွေလား ?
ရေအား ပြင်းပြင်းလား ?
စတုဒီသာ လား ?
ဥပုသ်စောင့်တာလား ?
ဘုရားဖူးသွားတာလား ? ငါးလွှတ်တာလား ?
ကုသိုလ်တွေယူတာလား ?
စိတ်ထားကောင်းလား?
နှစ်သစ်မှာစင်ကြယ်အောင်နေတာလား ?
လူတိုင်းကို ကူညီတာလား ?
ငါးပါသီလ လုံအောင်ထိန်းတာလား ?

ကဲ . . . ကဲ . . . ဒီမေခွန်းတွေက
အဖြေတစ်ခု ရမှာပေါ့
ဖြေခဲ့ပေါ့ဗျာ
သင်္ကြန်ဆိုတာ သင်္ကြန်ဆိုတဲ့
နာမည်ပဲ ရှိတော့တဲ့နောက်
သင့် ရဲ့ စိတ်ကလဲ
ဘယ်လိုများ အမည်ပေါက်နေလဲလို့ ?

Maung Ardam

No comments:

Post a Comment